ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။"
ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Thursday, May 16, 2013

Child sexual abuse ကလေးသူငယ် လိင်စော်ကားမှု

ကလေးသူငယ် လိင်စော်ကားမှု Child sexual abuse ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “အသက်မပြည့်သေးတဲ့ ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်တာ” ကို ခေါ်ပါတယ်။ တိတိကျကျပြောရရင် “ကျူးလွန်သူကနေ ကလေးငယ်တွေကို လိင်ကျေနပ်မှု ရချင်လို့ နှိုးဆွမှုမှာအသုံးချတာ၊ လွှမ်းမိုးမှု၊ အယောင်ဆောင်မှု၊ အားသုံးမှု၊ ဆွဲဆောင်မှုတွေနဲ့ လိင်ကိစ္စအလို့ငှာ တလွဲအသုံးချတာ ဖြစ်တယ်။ ကလေးငယ်မရဲ့ အသက်ဟာ ဥပဒေအရရော ဇီဝကမ္မအရပါ သဘောတူညီချက် ပေးနိုင်ခြင်း မရှိသေးတဲ့အရွယ်ပါ။

အသက်မပြည့်ဆိုတာ ဘာလဲ
မဲပေးဘို့က ၁၈ နှစ်၊ အရက်ဝယ်ချင်ရင် ၁၈ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)၊ အရေးပေါ်တာဆေး ဝယ်ချင်ရင် ၁၅ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးထိုးရမဲ့ အသက် ၉ နှစ်။ လိင်စော်ကားတာ ခံရနိုင်တဲ့အသက် တကမ္ဘာအလုံးမှာ အကန့်အသတ်မရှိ။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) သုတေသနတခုအဆိုအရ အဲလိုအမှုပေါင်း တနှစ် ၃့၆ သန်း တိုင်တန်းတာရှိတယ်။ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ၆ ယောက်မှာ ၁ ယောက်နဲ့ မိန်းကလေး ၄ ယောက်မှာ ၁ ယောက် အဲလိုမျိုး တနည်းနည်းနဲ့ စော်ကားခံနေကြရတယ်။ အသက်နဲနဲပိုကြီးလာလေလေ စော်ကားခံရတာ များလေလေ ဖြစ်တယ်။ ဥပမာ ၃ နှစ်အောက်ကလေးတွေက ၁ဝ% ရှိပြီး ၁၂ နှစ်အထက်က ၃၆% ရှိတယ်။ မသန်မစွမ်းဖြစ်နေကြသူ (အမြင်အားနည်း၊ အကြားအားနည်း၊ စိတ်ရောဂါသည်) ဖြစ်ရင် ပိုပြီး ခံရတဲ့နှုန်း မြင့်တယ်။

နမ်းခြင်း၊ မဖွယ်မရာ ကိုယ်ခန္ဓာနေရာ (လိင်အင်္ဂါ၊ နို့ နဲ့ တင်ပါး) တွေမှာ ထိကိုင်ခြင်း၊ အာသာဖြေခြင်း၊ ပါးစပ်-လိင်အင်္ဂါတွေ ထိစပ်ခြင်း၊ လိင်အင်္ဂါနဲ့ လက်ချောင်းထိုးသွင်းခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြည့်စေခြင်း၊ အဝတ်အစား ဖေါ်ချွတ်စေခြင်း၊ နှုတ်အားဖြင့် လိင်စိတ်ဆိုင်ရာ စကားတွေပြောဆိုခြင်း၊ အခကြေးငွေယူတဲ့ လိင်လုပ်ငန်းမှာ အသုံးချခြင်း စတာတွေပါတယ်။ ထိတွေ့မှုမပါဘဲနဲ့လဲ ဖြစ်နိုင်တယ်။ ဥပမာ ကလေးသူငယ် ညစ်ညမ်းဗီဒီယိုလုပ်ငန်း။

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယား၊ ကျောင်းစိတ်ပညာရှင်များအသင်းရဲ့ ၂ဝ၁၁ ထုတ် လက်စွဲစာအုပ်ထဲမှာ အမျိုးအစား ၁ဝ မျိုးပါတယ်။
၁။ Rape အဓမ္မကျင့်ခြင်း (မုဒိန်း)
၂။ Sexual assault လိင်စော်ကားခြင်း၊
၃။ Involuntary deviate sexual intercourse သဘောမတူ ပြုကျင့်ခြင်း၊
၎။ Aggravated indecent assault မဖွယ်မရာပြုခြင်း၊
၅။ Molestation စော်ကားခြင်း၊
၆။ Incest အမျိုးခြင်းပေါင်းသင်းခြင်း၊
၇။ Indecent exposure မဖေါ်အပ်သည်ကို ချွတ်ဖေါ်ခြင်း၊
၈။ Prostitution ပြည့်တန်ဆာလုပ်ခြင်း၊
၉။ Sexual abuse လိင်တလွဲသုံးခြင်း
၁ဝ။ Sexual exploitation လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း

တလွဲအသုံးချခံရသူတွေဟာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါဖြစ်တယ်။ အဖြောင့်သမား (ယောက်ျား+မိန်းမ) တွေကရော ဂေး (လိင်တူ) တွေကပါလုပ်တယ်။ ၂ဝဝ၉ ခုနှစ်က နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆန်းစစ်မှုလုပ်တော့ ဒီလိုတွေ တွေ့ရှိခဲ့တယ်။
(က) ကျူးလွန်ခံရသူတွေ
• မိန်းကလေး = ၁၉့၇%
• ယောက်ျားလေး = ၇့၉% (ခ) နေရာဒေသတွေ
• အာဖရိက = ၃၄့၎%၊
• အာရှ = ၂၃့၉%၊
• အမေရိက = ၁ဝ့၁%
• ဥရောပ = ၉့၂%၊ (ဂ) ကျူးလွန်သူတွေ
• ၆ဝ% အသိမိတ်ဆွေတွေ (အိမ်နီးချင်း၊ ကလေးထိန်း၊ ဆရာသမား၊ ကိုးကွယ်ထားသူတွေ)၊
• ၃ဝ% အမျိုးတော်သူတွေ၊
• ၁ဝ% တစိမ်းတရံတွေ၊
• ၁၄-၄ဝ% အရွယ်ရောက် အမျိုးသမီးတွေ၊
• ၆% အရွယ်မရောက်သေး မိန်းကလေးတွေ။

ကျူးလွန်သူတွေရဲ့ နောက်ကြောင်းကိုလိုက်ရင် သူတို့ဟာ အရင်ကလဲ အဲလိုလုပ်ဘူးသူတွေဖြစ်တတ်တယ်။ ၁၇-၁၂-၁၂ နေ့မှာ လူ ၂ ဦးကနေ အရွယ်မရောက်မိန်းကလေးတွေကို စော်ကားတယ်ဆိုတဲ့သတင်း ဘီဘီစီမှာ ပါခဲ့တယ်။ (ပေါလ် သောမတ်စ်) အသက် ၅ဝ ကနေ အမှုပေါင်း ၂၅ ခုနဲ့ အသက် ၄ဝ ရှိ (ဂျယ်ရီ လီ) မှာ အမှုပေါင်း ၃ မှုကို ၁၄ နှစ်အတွင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်တယ်။ ကျူးလွန်းသူတွေဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေး သုံးစွဲသူတွေဖြစ်တတ်တယ်။ သူတို့ဟာ အသက်ပြည့်သူတွေနဲ့ဆိုရင် လိင်ကျေနပ်မှုအရနည်းသူ၊ စိတ်လှုတ်ရှားမှုကို မထိန်းနိုင်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ ဖြစ်တာတွေ့ရတယ်။

စော်ကားခံထားရသူတွေ ဘယ်လိုနေမလဲ
• ၄ဝ% မှာ လက္ခဏာမပြပါ။ မပြဘူးဆိုတာ အကောင်းပကတိတော့ မဟုတ်ပါ။
• ခံစားရမှာတွေက ရေတိုနဲ့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေဖြစ်တယ်။ စိတ်ကျန်းမာရေး၊ စိတ်လှုတ်ရှားမှု ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းတွေမှာ အနုတ်သဘောတွေ အနည်းနဲ့ အများ သက်ရောက်တာ ခံကြရတယ်။
• စိတ်ဓါတ်ကျခြင်း၊ အပြစ်ရှိနေတယ်လို့ ခံစားနေရခြင်း၊ ကြောက်စိတ်ဝင်နေခြင်း၊ ဒဏ်ခံရပြီးနောက် စိတ်ဖိအား များနေခြင်း၊ သီးခြားနေလိုစိတ်နဲ့ စိုးရိမ်စိတ်ကဲနေခြင်း၊ အစားအသောက်မှာ ပြဿနာရှိခြင်း၊ ကိုယ့်ကိုယ်ကို အထင်သေးခြင်း၊ စတာတွေဖြစ်နေနိုင်တယ်။
• အမူအယာပြဿနာတွေလဲ ရနေနိုင်တယ်။ ကျောင်းမှာ စာသင်ရတာ စိတ်ဝင်စားမှုနည်းလာတာ၊ မူးယစ်ဆေးဝါး လိုက်စားချင်လာတာ၊ ဖျက်လိုဖျက်ဆီး လုပ်ချင်စိတ်ပေါက်တာ၊ ရာဇဝတ်မှုကျူးလွန်ချင်လာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဝင်လာတာတွေ။
• လိင်ကိစ္စမှာ ပေါ့ပေါ့တွက်ရာကနေ စိတ်ချရတဲ့ လိင်ဆက်ဆံရေးကို လိုက်နာတာနည်းလို့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုရကြတယ်။ မီးကောင်ပေါက်အရွယ်မှာ မလိုချင်တဲ့ ကိုယ်ဝန်ရတာ ၂၅% ရှိတယ်။
• ၂ဝ၁ဝ ခုနှစ်တုံးက ကလေးပေါင်း ၁၅၃၇ ယောက်ဟာ ဒီလိုခံရတာတွေနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။
• တကြိမ်တခါ မဖွယ်မရာအပြုခံရဘူးသူတွေဟာ တနည်းနည်းနဲ့ ထပ်စော်ကားခံရတာတွေလဲ တွေ့ရတယ်။

အွန်လိုင်း မယဉ်ကျေးမှု သတိပြု
အမေရိကားမှာ အသက် ၂၁ နှစ်သား (ဒီဗွန် ကင်န်) ကနေ ၁၃ နှစ်သမီးလေးကို ဖေ့စ်ဘွတ်မှာတွေ့ပြီး ဆက်ဆံတဲ့အထိ ဖြစ်ခဲ့တယ်။ အမှန်က မိန်းကလေးကိုယ်တိုင်က ၁၈ နှစ်ပြည့်ပြီလို ညာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာက ဖေ့စ်ဘွတ်ကို သုံးကြတာများတယ်။ နာမည်ရင်းမဟုတ်သူကများပြီး About မှာ လိမ်ညာထားသူတွေလဲ မနည်းဘူး။ သတိပေးချင်တာက သားကောင်လဲဖြစ်နိုင်ပြီး ရာဇဝတ်သားလဲ ဖြစ်နိုင်တယ်။

၂ဝ၁၁ မတ်လထဲမှာ ဥရောပရဲအဖွဲ့ Europol ယူရိုပိုလ် ကနေ အဖွဲ့ဝင်ပေါင်းက ၆၇ဝ ရှိတဲ့ အွန်လိုင်းရာဇဝတ်မှုဂိုဏ်း Paedophile ring ဆိုတာကိုဖြိုခွဲပြီး ကလေးပေါင်း ၂၃ဝ ကိုကယ်ခဲ့ရတယ်။ Pedophilia ဆိုတာ စိတ်ရောဂါတမျိုးသာ ဖြစ်တယ်။ ၁၆ နှစ်သားလေးတွေကနေ အသက် ၁၁ နှစ်အရွယ် အပျိုဘော်မဝင်သေးတဲ့ မိန်းကလေးတွေအပေါ်မှာ အထူးစိတ်ဝင်စားတာကိုခေါ်ပါတယ်။

ဘာသာရေး
မြန်မာပြည်မှာ ဘာသာရေးမုန်းတီးမှုတွေ ဖြစ်နေသေးချိန်မှာ ရေးတော့မရေးချင်ပါ။ ဒါပေမဲ့ သတိထားစရာ စုံစေ့ချင်လို့ ထည့်ပါရစေ။ ၆-၁၁-၂ဝ၁၂ နေ့သတင်းတခုထဲမှာ ဗြိတိန်မှာ မွတ်ဆလင်တွေကနေ စောင့်ရှောက်ရေး ဂေဟာတွေမှာ အရွယ်မရောက်သေးတဲ့၊ ခုခံမှုလည်း အားနည်းနေတဲ့ မိန်းကလေးတွေကို အုပ်စုလိုက် အဓမ္မကျင့်ကြတယ်လို့ ပါခဲ့တယ်။ သတင်းကိုတင်တဲ့အခါ ရှေးခေတ် အော်တိုမန် တာ့ခ်တွေကနေ ဆားဗီးယန်း အော်သိုဒေါက်စ် ဘရားကျောင်းထဲမယ် ခရစ်ယန်အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မဆက်ဆံမှုပြုနေကြတဲ့ ပန်းချီကားနဲ့ တွဲထားပါတယ်။ လန်ကရှိုင်းယား နဲ့ လီဗာပူးမှာ ဖြစ်ခဲ့တာကတော့ ဘာသာသူတူ မွတ်ဆလင် မိန်းကလေးငယ်တွေဖြစ်ပါတယ်။

အခုရဟန်းမင်းကြီးရဲ့အရင် (ပုတ်ပ်) လက်ထက်မှာ လိင်နဲ့ဆိုင်တဲ့သတင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ တခြား ဘာသာတွေမှ မဟုတ်ပါ။ သင်္ကန်းဝတ်နဲ့ မတော်တရော်ပုံတွေ၊ ဗီယိုတွေ တွေ့နေကြတယ်မဟုတ်ပါလား။ ဘာသာရေးသာ မဟုတ်သေးပြန်ပါ။ ပျောက်စေဆရာ၊ ဗေဒင်ဆရာတွေလဲ ပါတာဘဲ မဟုတ်ပါလား။

ဘယ်လိုတာကွယ်မလဲ
• အသိတွေ၊ မိတ်ဆွေ (ဖေ့စ်ဘွတ် ဖရင်းတွေလဲပါတယ်)၊ အိမ်နီးချင်းတွေကို ကြပ်ကြပ် သတိထားပါ။
• တစိမ်းတရံမှန်ရင် စကားတောင်သွားမပြောနဲ့ ဥပဒေသ ဒီနေရာမှာ သိပ်အသုံးမကျပါ။
• အမျိုးတော်တာဘဲ ပွေ့ဖက်နမ်းရှုံ့တာ ကိစ္စမရှိပါ မလုပ်ပါနဲ့။
• မမြင်ကွယ်ရာမှာ အမျိုးတော်တော်၊ အသိဖြစ်ဖြစ် ဘယ်သူနဲ့ထားခဲ့ရပါစေ၊ စိတ်မချပါနဲ့။
• အများကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်ဘဲဆိုပြီး ကိုယ့်ကလေးကို လွှတ်ထားမပေးပါနဲ့။
• ကိုယ့်ကလေးနဲ့ကိုယ် ဆက်သွယ်ရေး ကောင်းကောင်းထူထောင်ပါ။ မေးတာကို အားပေးပါ။ ဖြေရာမှာ အားမနည်းပါနဲ့။
• မမှန်ဘူးထင်တာကို ပြန်ပြောဘို့၊ တိုင်တန်းဘို့ အားပေးပါ။ တရားဥပဒေက ခွင့်ပြုတာလဲ သင်ပေးပါ။
• ကိုယ့်ကလေးကိုယ် လိင်ကျန်မာရေး အခြေခံလောက်သင်ထားပေးပါ။ လိုအပ်ရင် ဆရာဝန်အကူအညီယူပါ။

ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင် တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊ နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ် မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။ ပြုပြင်စရာတွေ သိန်းခြောက်သောင်းထဲမှာ ဒီအကြောင်းလဲ ထည့်ကြပါခင်ဗျား။ “အရွယ်ငယ်သေး မိန်းကလေး စော်ကားခံရမှုဘေးက ဝေးကြပါစေ။”

ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၃

Read more...

Sunday, May 12, 2013

Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

“မိခင်များနေ့” အမီ မေးခွန်းရှိလို့ ဒီစာလေးရေးပါတယ်။ မိခင်နို့တလုံးဘိုးကျေကြပြီလား ဆန်းစစ်ကြရအောင်ဗျား။

“ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင့့်၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုးနားဝယ်ထောင်လော။ ရှို့း့”

• နို့ရည်ဟာ အရေအတွက်ရော အရည်အသွေးပါ ကောင်းဘို့ လိုတယ်။ အစားအသောက်အပေါ်မှာ မူတည်တယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာ ဆက်စားပါလို့ ပြောရင်မမှားပါ။
• နို့တိုက်မိခင် တယောက်ဟာ တနေ့မှာ ၅ဝဝ ကယ်လိုရီ ပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။
• ကလိုရီ တနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။
• တနေ့ ၄-၅ ထပ်စားနိုင်တယ်။ “ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။
• ကလေးမိခင်ကနေ တနေ့မှာ နို့ရည် ၂၃ -၂၇ အောင်စ (၆၅၂ - ၇၆၅ ဂရမ်) ထွက်ပါတယ်။
• ကလေးဟာ မိခင်နို့ကနေ တနေ့မှာ ကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။
• ချွေးပိုထွက်တာ သတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာ ရေ ၂့၅ လီတာကနေ ၃ လီတာ သောက်ပါ။ ဒိထက်များတာတော့ မသင့်ပါ။ နို့ရည်လိုတာထက် ပိုထွက်နိုင်တယ်။
• အစားအသောက်ထဲမှာ အမယ်စုံရမယ်။ အာဟာရဓါတ် ၇ မျိုး = Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း၊ Fats အဆီ၊ Vitamins ဗီတာမင်များ၊ Minerals ဓါတ်ဆားများ၊ Fiber (ဖိုင်ဗာ)နှင့် ရေ။
• ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာ ကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ် ပုံသေနည်း သုံးနိုင်ပါတယ်။
• ဒီထဲမှာ Calcium ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ) မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 milligrams လိုတယ်။
• ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ Vitamin B 9 ခေါ်တဲ့ Folic acid ဖေါလစ်အက်စစ် လိုမယ်။
• Zinc သွပ်ဓါတ်လိုမယ်။ တနေ့မှာ 15 to 20 milligrams လိုတယ်။
• Vitamin A မလိုပါ။
• ဆီ-အဆီကိုတော့ ကောင်းတာရွေးသုံးပါ။ Saturated fats နည်းစေပါ။ Trans fats ရှောင်ပါ။
• အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာ မလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ် မဟုတ်ပါလား။
• Calcium ထဲမှာ Vitamin D ပါတာကပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။)
• မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီ မလုံလောက်ပါ။ American Academy of Pediatrics ကနေ အကြံပြုထားတာကတော့ 400 IU (10 micrograms) ကလေးကို တိုက်ပါလို့ဖြစ်တယ်။
• Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။
• တခြားအချိန်တွေမှာလိုဘဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကို ရှောင်ပါ။ အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။
• ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။
• နေမကောင်းလို့ဆေးသောက်တာမှာတော့ ဆရာဝန်ကို အရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။
• အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက် “မယဉ်ကျေးမှု” ကို အဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။

သိဒတ္ထမင်းသားကိုမွေးပြီး သူ့မိခင်ဟာ ၇ ရက်သာ အသက်ရှင်လို့ မိထွေးတော်ကနေ ဆက်ပြီး နို့ချို တိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေ ဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီ ထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။

• Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
• Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
• Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
• Organic Food (အော်ဂဲနစ်) http://dts-medicaleducation.blogspot.com/2010/09/organic-food.html
• Trans fats အညာသားများ ဆီစားကြသည် http://my-sayawun-life.blogspot.in/2010/10/trans-fats.html
• Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
• Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
• Zinc သွပ်ဓါတ် http://dts-medicaleducation.blogspot.com/2010/12/zinc.html

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၃

Read more...

Monday, May 6, 2013

HIV/AIDS and Natural Environment ပါတ်ဝန်းကျင်ကနေ HIV ကူးသလား

Mon, May 6, 2013 at 2:22 PM
HIV ရှိတဲ့သူသုံးထားတဲ့ သွေးပေချင်လည်း ပေဘူးထားမဲ့ အရာတွေကို နောက်လူက ကိုင်ရင်ကူးလားဆရာ။ HIV ပိုးရှိတဲ့သူ သုံးနေကျဓါးကို သုံးမိပါတယ်၊ လက်လည်းရှသွားပြီးတော့ သွေးလည်းထွက်ပါတယ်၊ ကူးနိုင်လားဆရာ။ သူရှဘူးလားတော့ မသိပါဘူးဆရာ။ HIV ပိုးက လေထဲမှာ ကြာကြာအသက်မရှင်ဘူးဆိုဆရာ။

How Long Can HIV Live Outside the Body? ကိုယ်ခန္ဓာအပြင်ဘက်မှာ HIV ဗိုင်းရပ်စ်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ Transmission ကူးစက်နည်းလမ်း
ပိုးရှိနေသူရဲ့ Blood သွေး၊ Semen ယောက်ျားသုက်ရည်၊ Vaginal fluid မိန်းမဗဂျိုင်းနားအရည်၊ Breast milk နို့ရည်၊ Saliva တံတွေး၊ သွားရည်၊ Tears မျက်ရည် (ရှားရှားပါးပါး) တွေထဲမှာ ပိုးပါနေနိုင်တယ်။ ဒီအရည်အမျိုးမျိုးဟာ အဖက်လူရဲ့ ကိုယ်ခန္ဓာအရည်တမျိုးမျိုး (အထူးသဖြင့် သွေး) နဲ့ ထိစပ်မှုဖြစ်မှသာ ကူးစက်တယ်။

Viral Reproduction ဗိုင်းရပ်စ် မျိုးပွါးခြင်း
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာအပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်း နဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာရှိတယ်။

Survival Factors အသက်ရှင်နိုင်စွမ်းကိုသက်ရောက်စေတဲ့ အကြောင်းအချက်တွေ
အပြင်မှာ ဘယ်လောက်ကြာကြာ ရှင်မလဲဆိုတာ ပိုးရောက်နေတဲ့နေရာရဲ့ အပူချိန် နဲ့ အောက်စီဂျင် အပေါ်မှာ မူတည်တယ်။ ပိုးအရေအတွက် အနည်း-အများပေါ်လဲ မူတည်သေးတယ်။ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ၁၅ ရက်ထက် ပိုပြီး မရှင်ကြတာတွေ့ရတယ်။ ဒီလိုစမ်းသပ်တာဟာ ပိုးတွေကို လူ့ကိုယ်ထဲကအခြေအနေမျိုးတွေနဲ့ အတိအကျရှိအောင် စီမံထာတာ ဖြစ်တယ်။ တကယ်တန်း ကိုယ်ခန္ဓာအပြင်ဘက်မှာ အဲလိုအခြေအနေမျိုးဆိုတာ ဘယ်နေရာမှာ မရှိပါ။ ဒါကြောင့် ၁၅ ရက်အထိ လုံးဝ မရှင်နိုင်ကြပါ။

Needles ဆေးထိုးအပ်
ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်တွေထဲမှာ ကြာကြာနေနိုင်ကြတယ်။ ရက်အနည်းငယ်လို့ ပြောနိုင်တယ်။ သွေးက ချက်ချင်း ခြောက်သွေ့သွားတာ မဟုတ်လို့ဖြစ်တယ်။

Environmental Contraction ပတ်ဝန်းကျင်အခြေအနေ
ဓါတ်ခွဲခန်းထဲမှာ ပိုးတွေချည်းသပ်သပ်ထားတယ်။ ပါတ်ဝန်းကျင်သဘာဝအခြေအနေမှာ ဒီလိုထားတာတွေက ၉ဝ-၉၉% ဟာ နာရီများစွာကြာရင် ခြောက်သွားတယ်။ ဒါကြောင့် လူ့ကိုယ်အပြင်ဘက် ပါတ်ဝန်းကျင်ကနေ ကူးစက်တယ်ဆိုတာ သုည လို့ပြောနိုင်တယ်။ ပိုးတွေဟာ ရိုးရိုး ရေနဲ့ ဆပ်ပြာသုံးဆေးကြောတာ၊ အရက်ပြန်နဲ့သုတ်တာနဲ့ သေကုန်တယ်။

Misconceptions အယူအဆမှားများ
HIV ပိုးဟာ tears မျက်ရည်၊ saliva သွားရည်-တံတွေး၊ sweat ချွေး၊ urine ဆီး၊ feces ဝမ်း နဲ့ vomit အန်ဖတ်တွေကနေ (သွေးပါမနေရင်) မကူးပါ။

Considerations သိထားပါ
HIV ပိုးဟာ အနာ-အဆာ၊ ထိခိုက်ဒဏ်ရာ၊ ကုပ်ခြစ်တာ မရှိတဲ့ အရေပြားအကောင်းထဲကို ဖေါက်ပြီးဝင်မလာနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၆-၅-၂ဝ၁၃

Read more...

Monday, April 29, 2013

အသဲရောင် (ဘီ) ချွေးကနေ ကူးနိုင်သည်

ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ် ဆိုတဲ့ ကျန်းမာရေးသတင်းတပုဒ် ၂ဝဝ၇ ခုနှစ်က ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသနလုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။

မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် သူကနေမွေးလာမဲ့ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။

နောက်ပြီး အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူးစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။

ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃

Read more...

Home birth အိမ်မှာတင် မွေးချင်သလား

Home delivery လို့ရေးလိုက်ရင် အိမ်တိုင်ယာရောက် စာ၊ ပစ္စည်း၊ စားစရာ လာပို့တဲ့ စီးပွါးရေးလုပ်ငန်လို့ အဓိပ္ပါယ် သက်ရောက်သွားပါမယ်။ ဒါကြောင့် Home birth အိမ်မှာတင် ကလေးမွေးခြင်းလို့ လုပ်လိုက်ပါတယ်။

Respect women's choice to have home birth: doctors “မိမိနေအိမ်တင် ကလေးဖွါးလိုတဲ့ အမျိုးသမီးဆန္ဒကို လေးစားသင့်” ဆိုတဲ့သတင်းက ၂၉-၄-၂ဝ၁၃ နေ့မှာ (နယူးယော့ခ်) ကနေလာတာပါ။ ဆေးရုံမှာလာပြီး ကလေးမီးဖွါးတာဟာ အကောင်းဆုံးလို့ ဆရာဝန်တွေက ယူဆ-လက်ခံ-ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အကြံပြုချက်ကိုတော့ ကလေးအထူးကု ဆရာဝန်တွေကနေ ပြောလိုက်တာပါ။

သတင်းခေါင်းစဉ်တင်ပုံက နည်းနည်း နိုင်ငံရေးဆန်တယ်ထင်ပါတယ်။ သဘောကျသူတွေက အားပေးထောက်ခံကြမယ်။ ကျွန်တော်က အလုပ်နှစ်မျိုးလုံးမှာ လုပ်နေတာမို့ နိုင်ငံရေးလုပ်ရာမှာ အထာလေးတွေ တချို့တော့ သိတာပေါ့။ အကြိုက်လိုက်ရင် သြဘာပေးမယ်။ မကြိုက်ရင် မေတ္တာပို့မယ်။
ဆေးပညာရော နိုင်ငံရေးမှာပါ ပေါ်ပြူလာလိုက်တာကို မယုံပါ။ အကျိုး-အပြစ် ချင့်ချိန်တာကိုသာ အားပေးပါတယ်။

မိခင်လောင်းက ကျန်းမာရေးကောင်း၊ အထဲကကလေးကလည်း အမွှာမဟုတ်ရပါ။ မွေးပေးမဲ့ သားဖွါး ဆရာမကလည်း လက်မှတ်ရထားသူ ဖြစ်ရပါမယ်။ လိုအပ်လာရင် ဆေးရုံကို ပို့ဘို့အတွက်ကိုပါ သဘောတူထား၊ ပြင်ဆင်ထားဘို့ လိုပါအုံးမယ်။ American Academy of Pediatrics အမေရိကန် ကလေးဆေးပညာ အကယ်ဒမီရဲ့ ပေါ်လစီ ထုတ်ပြန်ချက်မှာ အဲလိုပါရှိထားပါတယ်။

အမေရိကားမှာ ၁% ကို အိမ်မှာတင်မွေးကြပါတယ်။ ခုနောက်ပိုင်း တိုးလာနေပါသေးတယ်။ ဒီလို အိမ်မှာတင်မွေတာရဲ့ အကောင်း-အဆိုးကို ဆရာဝန်တွေအကြား ငြင်းခုံနေဆဲဖြစ်ပါတယ်။ အိမ်မှာတင်မွေးရင် ကလေးသေဆုံးနှုန်းက ၁ဝဝဝ မှာ ၁ ယောက်ပိုတာရှိတယ်။ ဘယ်လိုကြောင့်ဆိုတဲ့ အကြောင်းတရားကတော့ တိတိကျကျပြောမရပါ။ ၁ဝ% ကနေ ၄ဝ% အထိကို ဆေးရုံပို့ပေးရတယ်ဆိုတဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။

ဆေးရုံဆိုတိုင်း အစစစိတ်ချရတယ်လို့တော့ အာမမခံနိုင်တာ သိကြပါတယ်။ ဆေးရုံတွေကနေ ကူးစက်ရောဂါတွေ မလိုဘဲ ရလာနိုင်တယ်။ အခုခေတ်မှာ နောက်ထပ်တိုးလာတဲ့ ကူးစက်ရောဂါမဟုတ်ဘဲ တိုးတက်လာနေတဲ့ အလေ့အထ တခုကတော့ ကလေးကို တကယ်တန်း မလိုအပ်ဘဲ ဗိုက်ခွဲမွေးတာဖြစ်ပါတယ်။ မြန်မာပြည်မှာသာ မဟုတ်ပါ။ အနောက်နိုင်ငံတွေမှာလဲ အဲလိုရှိနေတာဖြစ်ပါတယ်။ စာတပုဒ်ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ တောပိုင်းမှာနေကြရတဲ့ လူဦးရေက အများကြီး ပိုများတယ်။ မြို့လို့ အုပ်ချုပ်ရေးစနစ်အရ သတ်မှတ်ပေမဲ့ တောတွေမှာ နေရတာနဲ့ ကွာတာမဟုတ်တာက များပါတယ်။ သုတေသနတော့ သေသေချာချာမသိပါ၊ မြန်မာပြည်မှာ ကလေးမီးဖွါးကြတာဟာ သားဖွါးဆရာမတွေနဲ့ မွေးကြတာက ပိုများမယ်ထင်ပါတယ်။ တောတို့ တောင်ပေါ်တို့ နယ်စပ်တို့မှာ Auxiliary midwife အရံသားဖွါးဆရာမတွေနဲ့ Traditional Birth attendant အရပ်လက်သည်တွေကနေ မွေးပေးရတယ်။ အရပ်လက်သည်တွေကို TBA training မွမ်းမံသင်တန်းတွေ ပေးရတယ်။ ဒါလဲ လုံလောက်သေးတာ မဟုတ်သေးဘူး။

Home birth အိမ်မှာဘဲ မွေးမလား
ANC ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းကို ပုံမှန်လုပ်ထားသူတွေသာ အိမ်မှာမွေးဘို့ ကောင်းမယ်။ ဆီးစစ်တာ၊ ကူးစက်ရောဂါတွေ စစ်တာ လုပ်ထားရမယ်။ ဆီးချို၊ သွေးတိုး၊ ကိုယ်ရောင်တာတွေ ကင်းရှင်းရမယ်။ မေးခိုင်ကာကွယ်ဆေး ATT ၂ ခါထိုးထားပြီး ဖြစ်ရမယ်။ ကိုယ်ဝန် နောက်ပိုင်း (အာလ်ထွာဆောင်း) ရိုက်ထားပြီး ဖြစ်သင့်တယ်။ ကလေးအနေထား ဦးခေါင်းစိုက် ဖြစ်ရမယ်။ အချင်းနေရာ အထက်မှာသာ ရှိရမယ်။ ရေမြွှာရည် မနည်း-မများဖြစ်ရမယ်။

အိမ်မှာတင် ကလေးမွေးချင်ရင် အပြင်အဆင် (ဆက်တင်) တော့ လုပ်ထားဘို့ လိုပါတယ်။ ပြင်ဆင်ထားဘို့ Check list (ချက်-လစ်) ဆိုတာရှိရပါမယ်။
• နေရာတခု၊ အခန်းတခု သတ်မှတ်ထားပါ။ ဖြစ်နိုင်ရင် ကုတင်။ ကုတင်ကိုလည်း ခြေထောက်ကို လိုအပ်ရင် မြှင့်ပေးဘို့ ခုစရာ ဥပမာ အုတ်ခဲ အဆင်သင့်ထားပါ။ ကုတင်ခေါင်းရင်းဟာ ခြေရင်းထက် နည်းနည်း မြင့်နေမှ ရေမြွာရည်၊ ဆေးရည်၊ သွေးတွေ ခေါင်းရင်းဘက်ဆီ မလာစေဘူး။ မွေးပြီးလို့ မဆိုကောင်းစကား သွေးဖိအား ကျရင် ခြေရင်းဘက်က မြှင့်ပေးရမယ်။
• အခင်းစ၊ မိခင်အတွက်တခုနဲ့ ကလေးအတွက်တခုလိုမယ်။ ဖွတ်လျှော်၊ ဖြစ်နိုင်ရင် မီးပူတိုက်ထားတဲ့ (ကော်တွန်) အဝတ်စ ၄-၅ ထည်။ ကလေးအနှီး၊ ကလေး ပတ်ပေးဘို့ အနွေးစ၊ ရေနွေးကျိုစရာ မီး၊ ခွက်၊ အိုး၊ ဇလုံ။
• မီးဖွါးခြင်း ပဌမအဆင့် (ဗိုက်စနာချိန်ကနေ သားအိမ်အဝ လုံးဝပွင့်လာတဲ့အထိ) မှာ အစဦးဆုံး ဝမ်းခြူပေးရလို့ ဝမ်းခြူစရာနည်းတခုခု အဆင်သင့်လုပ်ရမယ်။ တခါသုံး Sodium phosphate, Glycerin (30-50%) ဝမ်းခြူစရာကို ဆေးဆိုင်တွေမှာ ဝယ်လို့ရတယ်။ အစဉ်အလာသုံး ရေနွေးနဲ့ ဆပ်ပြာနည်းလဲ ကောင်းတာပါဘဲ။
• မွေးပေးမဲ့ ဆရာဝန်၊ ဆရာမအတွက် နံပါတ်မှန်တဲ့ Gloves # 6', 6½, 7, 7½ ရာဘာလက်အိပ် တစုံစီ။ Apron ရင်ပတ်အကာစ၊ တခုစီ။
• Urinary catheter ဆီးခြူပိုက်၊ မွေးဖွါးခြင်း ပဌမ နဲ့ ဒုတိယအဆင့်တွေမှာ ဆီးအိမ်ပြားချပ်နေတာကောင်းတယ်။
• Kidney tray ကျောက်ကပ်ပုံခွက် ၁-၂ ခု၊
• Sponge forceps ဂွမ်းလုံးညှပ် ဖေါ့ဆက်ပ်စ် ၃ ခု၊ ၁ ခုကို သန့်ရှင်းရေး၊ ၂ ခုကို ချက်ကြိုးညှပ်။
• Scissors ကပ်ကြေး ၂ မျိုး၊ ဆခုက ချက်ကြိုးဖြတ်ဘို့၊ နောက်တခုက လိုအပ်ရင် မွေးလမ်းအဝချဲ့ဘို့။
• Kochers’ forceps (ကောကားစ် ဖေါ့ဆက်ပ်စ်) လိုအပ်ရင် ရေမြွာအိပ်ဖေါက်ဘို့၊
• မိခင်၊ ကလေး သန့်ရှင်းပေးဘို့ Cotton 2” x 2” ဖြတ်ထားပြီး ဂွမ်းစ၊
• Cotton towel 6” x 6” လက်သုတ်ပုဝါ ၆ လက္မ x ၆ လက္မ၊ ၂ ခု၊ ဖွါးကာနီး မွေးလမ်းနေရာကို ရေနွေးကပ်ဘို့၊
• Cord clamp ချက်ကြိုးညှပ်ကလစ်၊
• Suction machine ချွဲစုတ်စက် (ခြေထောက်သုံး၊ လျှပ်စစ်သုံး)၊ Suction tube ချွဲစုတ်ပိုက်ငယ်၊
• Chlorhexidine tube ချက်ကြိုးထည့်ပိုးသန့်ဆေး၊ ဆေးဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ဒီညှစ်ဘူးဆေး သုံးလို့ ကမ္ဘာမှာ တနှစ်ကို ကလေးပေါင်း ၅ သိန်းအသက်ကို ကယ်နိုင်တယ်လို့ ဆိုပါတယ်။
• သားဦးဆိုရင်၊ ဒါမှမဟုတ် မွေးဘူးသူဖြစ်ပေမဲ့ တခါတလေလိုအပ်သူအတွက် ချုပ်ပေးဘို့ ထုံဆေး (Xylocaine/Lidocaine 2%) + ချုပ်အပ် (Triangular suturing curve needle)၊ ချုပ်ကြိုး (Thread/Silk/Nylon/Catgut 2-0, 3-0) + ပိုးသန့်၊ ပိုးသေဆေးရည် (Antiseptic) (Dettol/Methylated Spirit/ Chlorhexidine/Iodine) စတာတွေ ရှိရမယ်။
• IV set-up လိုအပ်ရင် သွင်းပေးဘို့ သွေးပြန်ကြောသွင်း ဆေးပုလင်း + သွင်းပိုက် အဆင်သင့်ထားရမယ်။
• Injection Oxytocin သားအိမ်ညှစ်ဆေး၊

ကလေးက မွေးမွေးချင်း မငိုရင်၊ အသက်မရှူသေးရင် လုပ်ပေးဘို့ Resuscitation equipment အသက်ရှူ-နှလုံးခုန် အထောက်အကူ အစီအမံတွေ ရှိသင့်တယ်။ CPR ခေါ်တဲ့ ရှေးဦးသူနာပြုသင်တန်းမှာ သင်ပေးထားတာမျိုး ဘာကိရိယာမှ မပါဘဲ လက်နဲ့ ပါးစပ်သုံးပြီး လုပ်ပေးနည်း တတ်ထားရမယ်။ မွေးကာစကလေးကို လုပ်ပေးရတာက လူကြီးနဲ့ မတူတာမို့ သင်ယူထားရမယ်။ ဒီနည်းကြောင့် ကျွန်တော့် ဒုက္ခသည် ဆေးခန်းလေးမှာ Blue baby ခေါ်တဲ့ မွေးမွေးချင်း ပြာနှမ်းနေတဲ့ ကလေးတွေတောင် လူ့လောကထဲ ဝင်လာနိုင်တာ မနည်းလှဘူး။ Oxygen (အောက်စီဂျင်) ရှိသင့်တယ်။

Forceps မီးဖွါးခြင်း ဒုတိယအဆင့် ကလေးထွက်လာခြင်းမှာ ဖြစ်သင့်တာထက် ပိုကြာနေရင် ဆွဲမွေးပေးဘို့ ကလေးမွေး ညှပ်ရှိထားရမယ်။ ဒါကိုတော့ ဆရာဝန်တွေကသာ လုပ်သင့်တယ်။

ကလေးက မိခင်ဝမ်းကနေထွက်တာနဲ့ သူ့ကို ချွဲစုတ်ပေး၊ သန့်ရှင်းပေး၊ ချက်ကြိုးဖြတ်ပေး၊ အနှီးရစ်ပတ်ပေးတာတွေ လုပ်ပေးဘို့ စားပွဲ၊ ကုတင် တခုအဆင်သင့်လုပ်ထားရမယ်။ ကလေးမီးဖွါးရတယ်ဆိုတာ အညစ်အကြေးဘဲဆိုပါစို ဆီး-ဝမ်း သာမကဘူး၊ ရေမြွာရည်နဲ့ သွေးထွက်ပါမယ်။ ထွက်တာကလည်း ထွက်စေချင်တဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်တာက များတယ်။ စီးထွက်၊ ပန်းထွက်၊ ဘွမ်းကနည်းထွက်နိုင်တယ်။ ဆေးရည်တွေလဲ သုံးရတာမို့ မွေးဖွါးတဲ့ အခန်းကို မမွေးခင်ရော မွေးပြီးနောက်မှာပါ သန့်ရှင်းရေးလုပ်ပေးဘို့ ကြိုတင်ပြင်ဆင်ထားဘို့ လိုတယ်။ မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။

မွေးပြီးပြီးချင်း ထိုး-တိုက်ရမဲ့ ကလေးအတွက် ကာကွယ်ဆေးတွေ လက်လှမ်းမီရင် ပိုကောင်းတယ်။ BCG ဆိုတဲ့ တီဘီ ကာကွယ်ဆေးကို မြန်မြန်ထိုးပေးနိုင်လေ ကောင်းလေဖြစ်တယ်။ ကလေးကို မျက်စဉ်းချက်ချင်း ခပ်ပေးနိုင်ရင် ကောင်းတယ်။ မိခင်ဟာ ကလေးဖွါးပြီးတာနဲ့ သာအိမ်က ပြန်ငယ်လာတဲ့ဖြစ်စဉ်ကြောင့် နာတာကို ခံစားရမှာမို့ အနာသက်သာဆေး ချက်ချင်း ပေးရနိုင်တယ်။ ချုပ်ရတာရှိရင် ပဋိဇီဝပိုးသေဆေးကို ပုံမှန်တော့ လေ့လာမှုတွေအရ ပေးစရာ လို-မလို တိတိကျကျ မပြောနိုင်ပေမဲ့ အိမ်မှာမွေးသူဆိုရင် ပေးတာက ပိုကောင်းပါမယ်။ ကလေးအမေကို မွေးဖွါးခြင်း တတိယ (အချင်းချခြင်း) အဆင့်မှာ Oxytocin injection သားအိမ်ညှစ်ဆေးထိုးပေးဘို့လဲ လိုမယ်။ PPH မွေးဖွါးပြီး သွေးသွန်တာကို ကာကွယ်စေမယ်။

1. Respect women's choice to have home မိမိနေအိမ်တင် ကလေးဖွါးလိုတဲ့ အမျိုးသမီးဆန္ဒကို လေးစားသင့် birth: doctors http://news.yahoo.com/respect-womens-choice-home-birth-doctors-040913138.html
2. LSCS in UK (ယူကေ) မှာ ဗိုက်ခွဲမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/07/lscs-in-uk.html
3. Chlorhexidine for umbilical cord care: game-changer for newborn survival? http://www.ghspjournal.org/content/1/1/5.full

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၃

Read more...

Saturday, April 13, 2013

Pro-Life and Pro-Choice အသက် နဲ့ အဖျက်

ကိုယ်ဝန်ကို တရားဝင်ဖျက်သင့်-မသင့် အသံတွေကြားလာရပြီ။ လွှတ်တော်အထိရောက်ပြီး ဆရာဝန်တွေကနေ အမေလို့ခေါ်ကြတဲ့ ပါမောက္ခတဦးကလည်း သူ့အမြင်ကိုတင်လာပြီ။ အသက်ဆုံးရှုံးမှုနည်းနိုင်တယ်လို့ပြောတာဟာ ဖျက်သာဖျက်လို့ ပြောတာမဟုတ်ပါ။ ကျွန်တော့်အမြင်ကတော့ ချက်ချင်းဆုံးဖြတ်တာ မသင့်သေးလို့ထင်ပါတယ်။

ဒီ (အစ်ရှူး) ကို ပွင့်ပွင့်လင်းလင်း ငြင်းနေကြတာ အမေရိကားမှာတောင် အတောမသတ်နိုင်သေးပါ။ နှစ်ဖက်လုံးမှာ အားသာတာတွေရော အားနည်းတာတွေပါရှိတယ်။ အမေရိကားမှာလည်း (ဒီမိုကရက်) တွေက Pro-choice ကိုယ်ဝန်ဖျက်ရေး အားပေးပြီး၊ ဘာသာရေးကို ပိုလေးစားတဲ့ (ရီပတ်ဘလစ်ကန်) တွေက Pro-life အသက်ရှင် ရပ်တည်ခွင့်ဘက်က နေတယ်။

ဘာသာရေးက အများကြီး လွှမ်းမိုးတာတွေ့ရတယ်။ (ရိုမင်ကက်သလစ်) အများစုနေတဲ့ (အိုင်ယာလန် ရီပတ်ဘလစ်) မှာ ကိုယ်ဝန်ဖျက်ခြင်းဟာ တရားဝင်မဟုတ်ပါ။ မနှစ်က အိုင်ယာလန်မှာ အိန္ဒိယအမျိုးသမီး သွားဆရာဝန် (ဆာဗီတာ ဟာလက်ပါနာဗာ) ကို ဆေးရုံက ကိုယ်ဝန်ဖျက်မပေးလို့ သေဆုံးသွားတော့ ပွက်လောရိုက်သွားခဲ့တယ်။ ဆရာဝန်တွေက ဥပဒေကိုသာ လိုက်နာကြရတယ်။ အဖြစ်အပျက်တခုလောက်နဲ့တော့ ဥပဒေပြောင်းဘို့တွန်းအားက မလုံလောက်သေးပြန်ပါ။

Pro-Life (ပရို-လိုက်ဖ်) အသက်ရှင်ရေး အလေးပေးသူများ
လူ့အသက်ကို ကာကွယ်ပေးဘို့ အစိုးရကနေ တားမြစ်ပေးရမယ်။ Intent ဘယ်လိုရည်ရွယ်ချက်ရှိနေနေ၊ Viability ရှင်နိုင်သေးတယ်-မရှင်နိုင်တော့ဘူး နဲ့ Quality-of-life နေရလို့လည်း အရည်အသွေးပြည့်-မပြည့် ဆိုတာတွေကို တွက်မနေဘဲ လူ့အသက်ဆိုရင် အကာကွယ်ပေးရမယ်လို့ ဆိုလိုတယ်။ သူတို့က ဒါတွေကို တားချင်ကြတယ်။
• Abortion ကိုယ်ဝန်ဖျက်တာ၊
• Euthanasia and assisted suicide ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ အဲလိုမျိုးကိုအကူအညီပေးတာ၊
• The death penalty တရားခံကို သေဒဏ်ချမှတ်တာ၊
• War, with very few exceptions (ချွင်းချက်နည်းနည်းကလွဲရင်) စစ်ပွဲတွေ။

Pro-Choice (ပရို-ချွိုက်စ်) အဖျက်အားပေးသူများ
သူတို့ဘက်က လျှောက်လဲချက်ကတော့ လူတိုင်းဟာ ကိုယ့်မျိုးပွါးစနစ်ကို ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်။ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟာ သူများတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မထိပါးသ၍ ဒီအခွင့်အရေးရှိရမယ်လို့ ဆိုပါတယ်။ သူတို့က ဒါမျိုးတွေကို လိုချင်ကြတယ်။
• Celibacy and abstinence လက်မထပ်ဘဲ အတူနေခွင့်၊
• Contraception use ကိုယ်ဝန်တားဆေး-တားနည်းတွေ နဲ့ Emergency contraception use အရေးပေါ်တာဆေး-တားနည်းတွေ တရားဝင် ရောင်းချ၊ ဝယ်ယူခွင့်၊
• Abortion, for the first two trimesters of pregnancy (၆ လအထိ) ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်၊
• Childbirth ကိုယ့်ကိုယ်ဝန်က ဘယ်လိုကနေရလာလာ ကလေးမွေးခွင့်ဆိုတာတွေကို လိုခြင်ကြတယ်။

အယူအဆ ပဋိပက္ခ
လိုလားတာတွေတခုမကပေမဲ့ အဓိကဖြစ်တာက ကိုယ်ဝန်ဖျက်ရေးမှာဖြစ်ပါတယ်။ အသက်သမားတွေဆိုတာက မရှင်နိုင်လောက်ဘူးဆိုပေမဲ့လည်း လူအသက်ဟာ အဖိုးမဖြတ်နိုင်လောက်ဘူး၊ ဒါကြောင့် အကာကွယ်ပေးထိုက်တယ်။ သူတို့က ကိုယ်ဝန်ဖျက်တာမှာ ဥပဒေအရသာလုပ်ရမယ်။ အဖျက်သမားတွေဆိုတာက ကိုယ်ဝန်အဆင့်တွေမှာ ရှင်သန်နိုင်ပြီဆိုတဲ့အဆင့်ကို သက်သေပြလို့မရသေးရင် လူပုဂ္ဂိုလ်လို့ မခေါ်နိုင်သေးဘူး။ အစိုးရဟာ အမျိုးသမီး တဦးချင်းရဲ့ ကိုယ်ဝန်ကို ဖျက်-မဖျက်ဆိုတာပေါ်မှာ စွက်ဖက်ခွင့်မရှိရဘူး။

ဘာသာရေးနဲ့ အသက်ရဲ့ မွန်မြတ်ခြင်း
နိုင်ငံရေးသမားတွေဟာ ဘာသာရေးရဲ့ အရေးပါမှုကို သိရတယ်။ ပြဿနာအရင်းအမြစ်ကို မြင်ရမယ်။ Immortal soul မသေနိုင်တဲ့ဝိဥာဉ်ဟာ ကျား-မ မျိုးစေ့တွေ ပေါင်းစပ်လိုက်တာနဲ့ ဖြစ်ပြီလို့ယုံကြည်သူနဲ့ Personhood လူပုဂ္ဂိုလ်ရယ်လို့ ဖြစ်လာခြင်းဟာ မသေနိုင်တဲ့ဝိဥာဉ်ကနေစတယ်လို့ ယုံကြည်သူအကြား နည်းနည်းသာ ခြားနားပါတယ်။ ရက်သတ္တ ၁ ပါတ် ကိုယ်ဝန်ကိုဖျက်ပြစ်တာ (သတ်ပြစ်တာ) နဲ့ အသက်ရှူဘူးသူကို သတ်ပြစ်တာကွာသလို နေပါမယ်။ အသက်ဘက်မှာ နေသူတွေက ကိုယ်ဝန်ဖျက်ရခြင်းရဲ့ ရည်ရွယ်ချက်မတူနိုင်တာကို သတိထားပါတယ်။ ဒါပေမဲ့ တမင်တကာသတ်သတ်၊ မတတ်သာလို့သတ်သတ် ရလဒ်နဲ့ အကျိုးဆက်ဟာ အတူတူပါဘဲ။

တိုင်းသူပြည်သားများ ဘာသာရေးတမျိုးမက ယုံကြည်တာကို လက်ခံခြင်းနဲ့ ဘာသာရေးမခွဲခြားတဲ့ အစိုးရရဲ့တာဝန်
အမေရိကန်အစိုးရအနေနဲ့ ကျား-မ မျိုးစေ့နှစ်ခု ပေါင်းလိုက်တာနဲ့ မသေနိုင်တဲ့ဝိဥာဉ်ဖြစ်ပြီ ဆိုတဲ့အချက်၊ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဘာသာရေးအရ အဓိပ္ပါယ်ဖွင့်ဆိုမှု ရှင်းရှင်းလင်းလင်း မပါသေးဘဲ လက်ခံလို့ မဖြစ်နိုင်ပါ။ တချို့ဘာသာရေးအစဉ်အလာကတော့ ကိုယ်ဝန် (ကလေး) လှုတ်လာပြီဆိုတာ အသက်ရှိလာပြီလို့ ယူဆကြတယ်။ တချို့ဘာသာရေးအယူအဆက မွေးလာလာခြင်းလို့ ဆိုတယ်။ တချို့ဘာသာ (ဗုဒ္ခဘာသာ) မှာ မသေနိုင်တဲ့ဝိဥာဉ်ဆိုတာ မရှိဘူး။

သိပ္ပံပညာကကော အဖြေပေးနိုင်သလား
မသေနိုင်တဲ့ဝိဥာဉ်ဆိုတာကို သိပ္ပံပညာက သက်သေမပြနိုင်ပါ။ အလားတူ မြင့်မြတ်သန့်စင်မှုဆိုတာအတွက်လည်း သက်သေမပြနိုင်ပါ။ လွန်လွန်ကြွံကြွံပြောသေးတာက “ရူပဗေဒအရ လူ့အသက်နဲ့ ကျောက်ခဲ ဘယ်ဟာကသာသလဲ ဆိုတာကို သက်သေမပြနိုင်ပါ” တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သိပ္ပံကမပြောနိုင်ဘူးဆိုတဲ့ လူမှုရေး၊ စိတ်လှုတ်ရှားမှု အကြောင်းတရားတွေကိုလည်း အလေးထားကြ၊ တန်ဘိုးထားကြတယ် မဟုတ်ပါလား။

သိပ္ပံကမပြနိုင်တဲ့ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဦးနှောက်ဘက်ကနေ စဉ်းစားနိုင်ပါတယ်။ Development of the Neocortex ဦးနှောက်-အာရုံကြော ဖြစ်ပေါ်၊ ဖွံ့ထွားလာခြင်း ဖြစ်စဉ်မှာ ဆေးပညာရှင်တွေ လက်ခံထားကြတာက ကိုယ်ဝန် (သန္ဓေသား) ဒုတိယသုံးလရဲ့နောက်ပိုင်း၊ ဒါမှမဟုတ် တတိယသုံးလအစောပိုင်းမတိုင်မီမှာ Emotion and Cognition စိတ်လှုတ်ရှားမှုနဲ့ မှတ်သားမှုအသိဥာဏ်တွေက ဖြစ်မလာနိုင်သေးဘူး။

အသက်ဘက်ရပ်တည်နေသူ တချို့တွေက ငြင်းဆိုတာတခုရှိပါသေးတယ်။ အသက်ဖြစ်တည်လာခြင်းဟာ DNA ဖြစ်လာပြီဆိုကတည်းက လူပုဂ္ဂိုလ်ဖြစ်ခြင်းဆိုတာစတယ်။ တဖက်က စဉ်းစားနိုင်တာလည်း ရှိပြန်ပါသေးတယ်။ ကိုယ်ထဲက အူအတက်နဲ့ အာသီးဆိုပါစို့ ထုတ်ပြစ်လိုက်ပေမဲ့ လူကိုသတ်ပြစ်လိုက်တာလို့ နီးနီးစပ်စပ်တောင်မှ ပြောမရပါ။ DNA ဘက်ကနေ ငြင်းဆိုချက်ရဲ့ နောက်အားနည်းချက်ကတော့ Gene therapy မျိုးဗီဇကုသနည်းကြောင့် လူသသစ်တဦး ဖြစ်လာတာ ဟုတ်-မဟုတ် ဘယ်လိုပြောမလဲ ဆိုတဲ့မေးခွန်း ရှိလာတာဖြစ်ပါတယ်။

တရားဥပဒေအရ လူသတ်မှုဆိုတာမှာ သေသူရဲ့ကိုယ်ခန္ဓာရှိရမယ်၊ တကိုယ်လုံးမဟုတ်တောင်မှ လုံလောက်တဲ့ အစိတ်အပိုင်း (တစ်ရှူး) ကို ပြနိုင်ရမယ်။ ဒဿနအမြင် နဲ့ ဘာသာရေး အကြောင်းပြချက်အတွက် လူသတ်မှုဆိုပြီး တရားစွဲလို့မရပါ။

၁၉၈ဝ တုံးက အမေရိကန်သမတ (ရော်နယ်-ရီဂင်) ပြောခဲ့တာရှိပါတယ်။ “အစိုးရက မှားတယ်ဆိုရင် အသက်ဘက်က ကာကွယ်လို့သာ ဖြစ်ပါမယ်။” လက်တွေ့ဘဝမှာ အမှားဆိုတာက သက်သေအထောက်အထား မလုံလောက်ဘဲ တရားစွဲခြင်း ဖြစ်ပြန်ပါတယ်။

ဒီလို အသက်နဲ့ အဖျက်အငြင်းပွါးမှုမှာ ကိုယ်ဝန်ဖျက်ကြသူ အမျိုးသမီးအများစုကြီးဟာ Choice ရွေးချယ်မှုဘက် (ကိုယ်ဝန်ဖျက်တဲ့ဘက်) ကနေပြီးသာ ကိုယ်ဝန်တွေကို ဖျက်နေကြတာ ဖြစ်ပါတယ်။ Guttmacher Institute ကနေ သုတေသန လုပ်တော့ -
• ၆၈% သော အမျိုးသမီးတွေက ကလေးအမေဘဝနဲ့နေရမှာ မတတ်နိုင်လို့ ဖျက်ကြတယ်၊
• ၂၇% သော အမျိုးသမီးတွေက ကိုယ်ဝန်ကို ဖျက်ချချင်တာက အဓိကဖြစ်တယ်။
• ၂ဝ% ကတော့ ကျန်းမာရေးမကောင်းလို့ ဖျက်လိုက်ရတာပါ။
• အဲလိုကိုယ်ဝန်ဖျက်ကြတဲ့ ၃၈% ဟာ ရလာတဲ့ကိုယ်ဝန်ကို သူများ (မိဘ) တွေမသိအောင် တိတ်တဆိတ်၊ ဒါမှမဟုတ် မိဘတွေက ဖျက်စေချင်လို့ လာဖျက်ကြတာဖြစ်ပါတယ်။

Roe v. Wade ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က သမိုင်းတွင်ခဲ့တဲ့ ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ ဗဟိုတရားရုံး ဆုံးဖြတ်ချက်တခုကို အလွယ်ခေါ်တာဖြစ်ပါတယ်။ ဒီအငြင်းပွါးမှုဟာ ဆက်ဖြစ်နေဆဲပါ။ လူနေမှုစနစ်ကလည်း ပွင့်လင်းမှုရှိ၊ တရားစီရင်ရေးစနစ်ကလည်း လွတ်လပ်မှုရှိပြီး၊ ခေတ်မီ တိုးတက်သူတွေ နေကြတဲ့ တိုင်းပြည်ကြီးမှာတောင်မှ ကိုယ်ဝန်ဖျက်ရေးမှာ အကောင်းဆုံး အဖြေရဘို့ရာ အချိန်တွေ ယူရတဲ့သင်္ခန်းကို ထောက်ပြချင်ပါတယ်။

အနာဝတ် အလားအလာ
လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်ကဆိုရင် ကိုယ်ဝန်တားဆေး၊ တားနည်းတွေက အခုလောက် မထိရောက်သေးပါ။ အလွန်ဆုံး စနနစ်တကျ သုံးရင်တောင်မှ ၉ဝ% သာ ကာကွယ်နိုင်တယ်။ ခုခေတ်မှာတော့ ရာနှုန်းပြည့်နီးကနေ ၁ဝဝ% အထိ တားပေးနိုင်တာသာမက အရေးပေါ်တားဆေး-တားနည်းတွေကလည်း လက်တကမ်းမှာရှိနေပြီ။ ဗမာပြည်မှာ ကွမ်းယာဆိုင်မှာတောင်မှ ရဆိုဘဲ။ နောက်ဆိုလည်း ဒိထက်ဒီ ထိရောက်လွယ်ကူတာတွေ လာမှာပါ။

ကိုယ်ဝန်ဖျက်ခြင်း (အဘောရှင်း) မလိုလောက်တဲ့ခေတ်ကို ရောက်မလာဘူးလို့ မပြောနိုင်ပါ။ အခုမဟုတ်ပါခင်ဗျား။

Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ http://dts-medicaleducation-adult.blogspot.in/2013/04/anti-abortion.html

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၃

Read more...

Monday, April 8, 2013

Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ

၂၄-၁-၂ဝ၁၁ နေ့မှာတော့ လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ “မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့”၊ “မွေးပြီးသားတွေရော မမွေးသေးသူတွေအတွက်ပါ အသက်ရှင်ပိုင်ခွင့် အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ” ချီတက်ဆန္ဒပြကြပါတယ်။

၂၄-၁-၂ဝ၁၁ နေ့မှာတော့ လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ “မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့”၊ “လူသားတွေရဲ့အသက်ကို မွေးပြီးသားတွေနဲ့ မမွေးသေးတာတွေရဲ့ အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ” ချီတက်ဆန္ဒပြကြပါတယ်။

(လီလာ-ရို့စ်) က ဒီလိုပြောပါတယ်။
• (ဖီလာဒက်ဖီးယား) မှာ (ကာမစ်-ဂို့စ်နဲလ်) ကနေ ကိုယ်ဝန်ဖျက်ချလို့ ခါးရိုးထဲက အာရုံကျော ပျက်စီးတဲ့ အမျိုးသမီးတယောက် ရှိပါတယ်။
• ကျမတို့လေ့လာမှုတွေကနေ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချလို့ သေသုံးရတာတွေ တွေ့ရပါတယ်။
• ကျမတို့တိုင်းပြည်မှာ မွေးလာရမဲ့ကလေးတွေကို ကိုယ်ဝန်ဖျက်ချပြီး သတ်ပြစ်တာကို မကာကွယ်နိုင်တဲ့အတွက် ကျမနှလုံးသားထဲအထိ ထိခိုက်ပါတယ်ရှင်။
• ကျမနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ကိုယ်ဝန်ဖျက်ပေးတဲ့ ဆေးခန်းတွေရှိတယ်။ နေ့တိုင်း အဲတာတွေကို လှမ်းမြင်နေရတာ စိတ်မချမ်းသာစရာ အလွန်ကောင်းလှပါတယ်။ လူအတော်များများ မသိချင်ရောင် ဆောင်နေကြသေးတယ်။ ကျမကတော့ လျှောက်ကြည့်တာဘဲ။
• ကျမတို့ အဲလိုသေဆုံးနေကြရတဲ့ မမွေးလာသေးတဲ့ကလေးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ကြရအောင်ပါ။
• ၁၉၇၃ ခုနှစ်ကနေ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရခွင့်ပြုခဲ့တာကို ဆန့်ကျင်ဘို့ နှစ်ပါတ်လည်နေ့မှာ ဆန္ဒပြပါမယ်။
• ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လူတိုင်းအသက်ရှင်ရပ်တည်ခွင့်ဆိုတာ ပါရက်သားနဲ့ ဒီဥပဒေက ဆန့်ကျင်နေတာပါ။
• တနေ့တည်းသာမကာပါဘူး။ ကိုယ်ဝန်ဖျက်တာကို နေ့တိုင်း ဆန့်ကျင်ပေးကြပါရှင်။

On Abortionist Kermit Gosnell and Roe v Wade http://www.youtube.com/watch?v=ujsCAXBXkG8&feature=pyv&ad=6387916161&kw=abortion%20pregnancy Pro-Life and Pro-Choice အသက် နဲ့ အဖျက် http://dts-medicaleducation-adult.blogspot.in/2013/04/pro-life-and-pro-choice.html


Read more...